Sunday 13 November 2011

သုဗောဓာရုံဆရာတော်ဘုရားကြီး


သုဗောဓာရုံဆရာတော်ဘုရားကြီး

ဖွားတော်မူခြင်း။ ။ ဆရာတော်သည် ခမည်းတော် ဦးစံလှ၊ မယ်တော် ဒေါ်ခင်တို့မှ ၁၂၈၆ ခုနှစ်၊ တပို့တွဲလဆန်း (၁)ရက်၊ စနေနေ့တွင် ဖွားမြင်ခဲ့သော သားရတ နာဖြစ်ပါသည်။ မွေးချင်း(၁၂)ယောက်အနက် ပဉ္စမမြောက်ဖြစ်ပြီး ငယ်နာမည်မှာ ““မောင်ဗိုလ်ကြီး””ဖြစ်ပါသည်။



ရှင်ရဟန်းအဖြစ်သို့ ရောက်တော်မူခြင်း ။ ။ ဆရာတော်လောင်းလျာသည် ၁၂၉၅ ခုနှစ်တွင် ညောင်ပင် ရွာ ပေါ်တော်မူကျောင်း ဆရာတော် ဘဒ္ဒန္တကေလာသကို ဥပဇ္ဈယ်ပြု၍ အဘိုးအဘွားများဖြစ်သော ဦးသက်၊ ဒေါ်ဆိုင်တို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဒုတိယအကြိမ် အဋ္ဌမရွှေကျင်သာသနာ ပိုင် ကန်္နီ ဆရာတော်ကို ဥပဇ္ဈယ်ပြု၍ သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့အမည်မှာ ““ရှင်နာရဒ”” ဖြစ်ပါ သည်။

၁၃၀၆ခုနှစ် နယုန်လပြည့်ကျော် (၅)ရက်နေ့တွင် ညောင်ပင်ရွာ ပေါ်တော်မူကျောင်း ဆရာတော် ဘဒ္ဒန္တကေလာသကို ဥပဇ္ဈာယ်ပြု၍ သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့အမည်မှာ ““ရှင်နာရဒ”” ဖြစ်ပါသည်။

၁၃၀၆ ခုနှစ် နယုန်လပြည့်ကျော် ၅ ရက်နေ့တွင် ညောင်ပင်ရွာ ပေါ်တော်မူကျောင်း ခဏ္ဍသိမ် ၌ ပေါ်တော်မူကျောင်း ဆရာတော် ဘဒ္ဒန္တကေလာသကိုပင် ဥပဇ္ဈာယ်ပြု၍ ခမည်းတော် မယ်တော်တို့၏ ပစ်္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

စာပေပရိယတ္တိ သင်ကြားဆည်းပူးတော်မူခြင်း

ဆရာတော်လောင်းလျာသည် သာမဏေဘ၀မှစ၍ ညောင်ပင်ရွာ ပေါ်တော်မူကျောင်း ဆရာတော် အရှင်ကေလာသနှင့် အရှင်ပညာသီရိ၊ မန္တလေးမြို့မြောက်ပြင် မတ္တရာခွဲတိုက်ကျောင်း ဆရာတော် အရှင်ဒီပ၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် အဂ္ဂမဟာပဏ္ဍိတစည်ရှင်ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု စုဒ္ဒသမရွှေကျင်သာသနာပိုင် ဇယမေဒနီ ၀ါဆိုဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု န၀မရွှေကျင်သာသနာပိုင် စံကင်းဆရာတော်၊ ညောင်ရွှေမြို့ ကန်ကြီးပရိယတိ္တစာသင်တိုက် ဆရာတော် များထံတွင် ပရိယတ်္တိစာပေများကို သင်ကြားဆည်းပူးခဲ့ပါသည်။

အောင်မြင်တော်မူခဲ့သော စာမေးပွဲများ

၁၃၁၈ခုနှစ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ၌ ကျမ်းရင်း(၃)ကျမ်းနှင့် တကွ ဂုဏ်ထူးကျမ်းများ ပါ အောင်မြင်တော်မူခဲ့သဖြင့် ““သာသနဓဇသီရိပ၀ရဓမ္မာစရိယ”” ဘွဲ့ရရှိခဲ့ပါသည်။

စာပေကျမ်းဂန်သင်ကြားပို့ချရေးသား ပြုစုခြင်း

ဆရာတော်သည် ၁၃၂၀ပြည့်နှစ်မှ စတင်၍ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးကို တည်ထောင်ပြီး တပည့်သံဃာတော် အပါး(၂၀၀)ကျော်တို့အား နှစ်ပေါင်း လေးဆယ်ကျော်မျှ စာပေ ပရိယတိ္တများကို ပို့ချတော်မူခဲ့ပါသည်။

အမရပူရမြို့နယ် ရွှေကြက်ယက်ရွာ ဓမ္မာရုံတိုက်သစ်ကျောင်း၊ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ဒကိ္ခဏာ ရုံကျောင်း၊ မတ္တရာမြို့ ရွှေအုန်းပင်သာသနာဇောတာရုံကျောင်းတို့တွင်လည်း တပည့်များဖြစ်သော ဓမ္မာစရိယတန်းအောင် စာချဆရာတော်များကို လွှဲအပ်၍ စာသင်တိုက်ခွဲများအဖြစ် ကြီးကြပ်ဆောင်ရွက် အုပ်ချုပ်တော်မူလျက်ရှိပါသည်။ ဆရာတော်ပြုစုတော်မူခဲ့သော ကျမ်းစာများမှာ-

သုဗောဓက သဒ္ဒါကျမ်း
သုဗောဓက သဒ္ဒါ ရုပ်တွက်ပုံ
သုဗောဓက သင်္ဂဟကျမ်း
ကိုယ်ပိုင် အလုပ်
ဓမ္မစကြာအမေးအဖြေ
သုဗောဓက ရတုကဗျာ သြဘာစာများ
သုဗောဓက သြ၀ါဒမဉ္ခရီ
ငါးနိုင်ငံခရီးသွားမှတ်တမ်းတိုဖြစ်ပါသည်။

သာသနာရေးဆောင်ရွက်တော်မူခြင်း

ဆရာတော်သည် ပါဠိပထမပြန်စာမေးပွဲ၊ ဓမ္မာစရိယ စာမေးပွဲများတွင် ကြီးကြပ်ရေးတာဝန်၊ စစ်ကိုင်းမြို့မနှင့် စစ်ကိုင်းတောင်ရိုး သာသနာလင်္ကာရ ရှင်သာမဏေစာမေးပွဲများ ကျင်းပရေး ဥက္ကဌ တာဝန်၊ စစ်ကိုင်းတိုင်း သံဃနာယကအဖွဲ့(ရွှေကျင်)အကျိုးတော်ဆောင်တာဝန်၊ ထိုနောက် ဥက္ကဌတာဝန် စစ်ကိုင်းတိုင်းကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း နာယကအဖွဲ့ဝင်တာဝန်၊ နိုင်ငံတော်ဗဟို သံဃာ့ ၀န်ဆောင် တာဝန်တို့ကိုဆောင်ရွက်တော်မူခဲ့ပြီး ရွှေကျင်နိကာယဂိုဏ်လုံးဝန်ဆောင် နာယကတာဝန် ကို ဆောင် ရွက်တော်မူလျက်ရှိပါသည်။

ကြည်ညိုဖွယ်ရာ ထူးခြားသောဂုဏ်ရည်များ

ဆရာတော်သည် တပည့်သံဃာများအား စာပေသင်ကြားပို့ချရုံသာမက ၀ိနည်းသိက္ခာပုဒ်များနှင့် အညီ စည်းကမ်းတကျ နေထိုင်တတ်စေရန် သြ၀ါဒပေးခြင်း၊ ပဋိပတိ္တများကိုလည်း လက်မလွတ်စေရန် ရဟန်းသာမဏေများအား သြ၀ါဒပေးခြင်း ကျောင်းတိုက်အာရာမ်များကိုလည်း ၀ိနည်းတော်နှင့်အညီ တည်ထောင်၍ စနစ်တကျသန့်ရှင်းစေခြင်း၊ စာသင်သား ရှင်ငယ်ရဟန်းငယ်များအား သာသနာတော်ကို သဒ္ဓါကြည်ညိုစိတ်တိုးပွားစေရန် သွန်သင်ဆုံးမတော်မူခြင်း၊ ထို့ပြင် ကျောင်းတိုက်တည်ထောင်ပြီး သည်မှစ၍ အစဉ်သဖြင့် သာသနာတော် အကျိုးဘာသာအကျိုးတို့ကို လုံ့လ၀ီရိယဖြင့် ဆောင်ရွက်တော် မူခြင်း စသောဂုဏ်ပုဒ်များနှင့်၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ဇာဂရိယဂုဏ်တို့ကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူပါသည်။

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကို အလှူခံရရှိခြင်း

ဤသို့လျှင် သာသနာတော်၏အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူသော သာသနဟိတကရဂုဏ်၊ ၀ိနယဂရုက၊ လဇ်္ဇီပေသလ သိက္ခာကာမစသောဂုဏ်တို့နှင့် ကုန်လုံပြည့်ဝတော်မူသောကြောင့် ၁၃၅၃ (၁၉၉၁)ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆပ်ကပ်လှူဒါန်းအပ်သော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်ကိုလည်းကောင်း၊ ၁၃၆၈ ခုနှစ်တွင် နိုင်ငံတော်၏ အမြင့်ဆုံးဘွဲ့တံဆိပ်တော်ဖြစ်သော အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကို ဆပ်ကပ် ကိုးကွယ်ခံခဲ့ရပါသည်။

ယခုအခါ ဆရာတော်သည် သက်တော်(၈၄)နှစ်အရွယ် ကျန်းမာစွာဖြင့် မဟာသုဗောဓာ ရုံ ကျောင်းတိုက်နှင့် ကျောင်းတိုက်ခွဲများရှိ တပည့်သံဃာတော်(၂၀၀)ကျော်တို့အား သြ၀ါဒချီးမြှင့် ကာ နှလုံးသွင်းတရားဖြင့် အေးချမ်းစွာ မဟာသုဗောဓာရုံကျောင်းတိုက်၌ပင် သီတင်သုံးတော်မူ လျှက်ရှိပါသည်။

ဆရာတော်ဆောင်ရွက်ခဲ့သော သံဃာ့အဖွဲ့အစည်းများ-

(၁) စစ်ကိုင်းတိုင်း သံဃာ့နာယကအဖွဲ့(ရွှေကျင်)၊ အတွင်းရေးမှူး
(၂) စစ်ကိုင်းတိုင်း သံဃာ့နာယကအဖွဲ့(ရွှေကျင်)၊ ဥက္ကဋ္ဌ (၁၃၄၅ခုနှစ်မှ ၁၃၅၂ခုနှစ်အထိ)
(၃) နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(၁၃၅၂ခုနှစ်မှ ၁၃၅၇ခုနှစ်အထိ)
(၄) စစ်ကိုင်းတောင်ရိုး သာသနာလင်္ကာရစာမေးပွဲ ဥက္ကဋ္ဌ (၁၃၃၅ခုနှစ်မှ ယနေ့အထိ)
(၅) စစ်ကိုင်းမြို့ သီတဂူအာယုဒါန၊ ဥဒကဒါန၊ သြ၀ါဒါစရိယ(၁၃၅၃ခုနှစ်မှ ယနေ့အထိ)
(၆) မန္တလေးမြို့၊ မလွန်ဆန်လှူအသင်းကြီး သြ၀ါဒါစရ(၁၃၅၃ခုနှစ်မှ ယနေ့အထိ)
(၇) မန္တလေးမြို့၊ ချမ်းသာကြီးဆန်လှူအသင်းကြီး သြ၀ါဒါစရိယ(၁၃၅၃ခုနှစ်မှ ယနေ့အထိ)

No comments:

Post a Comment