Saturday 10 December 2011

တေလကဋာဟဂါထာ-များ ဖြစ်ပေါ်လာခြင်းအကြောင်း

 ဤတေလကဋာဟဂါထာများကို ခီဏာသ၀ရဟန္တာ ဖြစ်တော်မူသော ကလျာဏီယ မဟာထေရ်မြတ် ဟောကြားတော်မူခဲ့သည်ဟု အဆိုရှိလေသည်။ ယင်းဂါထာများ ကို ဟောကြားတော်မူခြင်း၏ အကြောင်းရင်းမှာ လံကာ(သီဟိုဠ်) ကျွန်း၌ ကလျာဏီ ယတိဿဘုရင် အုပ်စိုးစဉ်အခါ ထိုကလျာဏီယ မဟာထေရ်သည် မင်း ဆရာ ဖြစ်လေသည်။ ကလျာဏီယတိဿဘုရင်၏ညီတော် ဥတ္တိယမင်းသား သည် ထိုကလျာဏီယမဟာထေရ်ထံတော်မှာပင် အတတ်ပညာများကို သင်ယူခဲ့၍ လက်ရေးလက်သားများကို မထေရ်၏လက်ရေးနှင့် တစ်ထပ်တည်း တူအောင် ရေး သားနိုင်လေသည်။

ထိုမင်းသားအရွယ်ရောက်၍ အိမ်ရှေ့ဥပရာဇာဖြစ်မြောက်သည့်အခါတွင် နောင်တော်ဘုရင်၏ မိဖု ရားဖြစ်သော မရီးတော်နှင့် တစတစ ယဉ်ပါး၍ မင်းပြစ်မင်းဒဏ်မလွတ်သော ဘုရင့်ဘဏ္ဍာတော် ကို ပြစ်မှားမိလေ၏။ ထိုအဖြစ်အပျက်သတင်းများသည် နောင်တော်ဘုရင့်နားတော်သို့ ပေါက်ရောက်သွားရာ ညီတော်ကို “ဖမ်းဆီးတုပ်နှောင်၍ အကျဉ်းထောင်သွင်းရမည်” ဟု အမိန့်တော် ထုတ်ပြန်သည်ကို ကြိုတင် သိ၍ ကလျာဏီမြို့တော်မှ တစ်ခုသော ရွာကလေးသို့ ထွက်ပြေးတိမ်းရှောင်ရလေသည်။

ထိုတမန်ရဟန်းငယ် နန်းတော်တံခါးပေါက်သို့ ရောက်သည့်အခါမှာပင် နေ့စဉ်နန်းတွင်းကြွ၍ ဆွမ်း ဘုန်းပေးတော်မူနေကျဖြစ်သော မင်းဆရာ ကလျာဏီယမထေရ်ကြီးလည်း နန်းတွင်းသို့ ဆွမ်းဘုန်းပေးကြွ အလာ နောက်တော်ပါးက ရောရောင်ကာလိုက်ပါသွား၍ ဘုရင်နှင့်မိဖုရားတို့ကလည်း မထေရ်၏ အာဂန္တု ရဟန်းတော်တစ်ပါးဟူသော အမှတ်အသားဖြင့် မထေရ်နှင့်အတူပင် ဆွမ်းဘောဇဉ်များကို ဆက်ကပ်ပြီး၍ မင်း-မိဖုရားတို့ ထအသွား အခွင့်ရပြီအထင်နှင့် ရဟန်းငယ်က သ၀ဏ်လွှာ ပေရွက်ကို မိဖုရားဘက်သို့ ပစ်ပေးလိုက်လေသည်။

“ချက်” ကနဲအသံ ဘုရင်ကြား၍ လှည့်လည်ကြည့်လိုက်ရာ ယင်ပြင်တွင် ကျနေသော ပေရွက်ကိုမြင် ၍ ကောက်ယူဖတ်ကြည့်သည့်အခါ မထေရ်၏လက်ရေးနှင့် တစ်ထပ်တည်းတူနေသည်ကို တွေ့ရ… “ ဧကန္တ - ဤရဟန်းကြီး၏ အပြုအမူဖြစ်သည်” ဟု အမျက်တော်ရှ၍ ထိုင်ရာမထ “မထေရ်ကြီးကို ဖမ်းဆီး၍ ချစ်ချစ်လောင်သော ဆီဒယ်အို၌ စောက်ထိုးချ သတ်စေ” ဟူသော တစ်ချက်လွှတ်အမိန့်အရ မင်းချင်းယောင်္ကျားတို့က ဆီကျက်ဒယ်အိုး၌ ဖမ်းယူပစ်ချကြလေသည်။

ထိုခဏ၌ မထေရ်မြတ်သည် ၀ိပဿနာပွားများ၍ အာသဝေါကင်းကွာ ရဟန္တာဖြစ်သည်ရှိသော် ဆီကျက်ဒယ် အိုးပေါ်တွင် ဣန္ဒနီလာမြကျောက်ဖျာထက်၌ ရွှေဟင်္သာငှက်ကဲ့သို့ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလျှက် ထိုဒယ်အိုးမှပင် “ရာဇောဝါဒ” အနေအားဖြင့် ဤတစ်ရာသော ဂါထာများကို ဟောကြားတော်မူလေသည်။

ထိုသို့ ဆီကျက်ဒယ်အိုးမှနေ၍ ဟောကြားတော်မူအပ်သော ဂါထာများဖြစ်သောကြောင့် တေလကဋာဟ (ဆီဒယ်ကြီး) ဂါထာများဟု ယခုတိုင် ထင်ရှားလျက် ရှိပေသည်။

ထိုဂါထာများကို ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အရိယဓမ္မ သသင်္ကရိတ် ပညာတော်သင်ဘ၀နှင့် အိန္ဒိယပြည်၌ နေရစဉ်အခါ ဗာရာဏသီမြို့၊ မဟာဗောဓိအသင်းမှ နာဂရီအက္ခရာနှင့် ရိုက်နှိပ်ထားသော စာအုပ်ငယ်တွင် တွေ့မြင်ဖတ်ရှုရ၍ ရဟန္တာဟော ဂါထာများ ဟုတ်သည် --မဟုတ်သည်ကို အပထား….. အဓိပ္ပါယ်သွားမှာ ဥပမာဆင်ယင်ထား၍ တရားသဘောအားဖြင့် မှတ်သားဖွယ်ကောင်းသော ဂါထာများဟု အသိအမှတ်ပြုထားခဲ့လေသည်။

သို့သော်ငြားလည်း ထိုထိုကိစ္စများကြောင့် အချိန်ကာလများ လွန်မြောက်ခဲ့၍ ၁၃၁၆-ခုနှစ်လောက်ကျမှပင် နာဂရီအက္ခရာအရေးအသားဂါထာများကို ပါဠိဘာသာအက္ခရာများသို့ ပြောင်းရွှေ့လျက် ဘာသာနိသျ အနက် သွားဖြင့် ရေးသားပြီးမြောက်ပေတော့သည်။

ဘာသာနက်ပြန်ဆိုရာ၌ သဒ္ဒါနက်တိကျရုံကလေးမျှမဟုတ်စေဘဲ ဗာဟုဿစ္စကာမီ မေဓာဝီ ပုဂ္ဂိုလ်တို့ သုတိ သာယာရွတ်ဆိုသုံးစွဲနိုင်ကြစေခြင်းငှါ သဒ္ဒါနက်သွား မပျက်ပြား အဓိပ္ပါယ်သွားလည်း ပါအောင် ရေးသားပြန် ဆိုသည်။

သို့- မိမိအထင်အားဖြင့် အသားပါအောင်ရေးသားစေကာမူ ဤစာကို ကြည့်ရှု့သုံးစွဲကြသော ပညာရှင်တို့ သည် “တစ်ဥကောင်း တစ်ပညာ” ဆိုသလို မိမိတို့ မနှစ်မြို့သောအပိုဒ်များကို ပယ်နှုတ်၍ ကြိုက်ပုဒ်များကို သွင်းပြီးလျင် ကြည်လင်သောစိတ်ထားဖြင့် ကြည့်ရှုနိုင်ကြပါစေကုန်။

..................................................................................................................


  
"လောက၌ လက်ခုပ်တီးခြင်းဟူသောအကြောင်းကြောင့် အသံသည်ဖြစ်ပေါ်လာသကဲ့သို့ အကြောင်းကိုကြဉ် ၍ တစ်စုံတစ်ခုသော အရာဝတ္ထုသည် မဖြစ်သည်သာတည်း။ ဤသို့လျင် အကြောင်း,အကျိုး- ဘာဝ,၀ိဘာဝ-သည် ခွဲဝေအပ်သော လောကသည် ဖြစ်လည်းဖြစ်ပေါ်၏။ တည်လည်းတည်ရှိ၏။ ပျက်လည်းပျက်စီး၏။"
(ဂါထာ - ၉၀)

"အို - သူတော်ကောင်းတို့! အလုံးစုံသောလောက၌ လောကီချမ်းသာ သည် မြက်ပင် များ၌ ရေပေါက် ကလေးကဲ့သို့ သေးငယ်လှ၏။ ဆင်းရဲဒုက္ခသည်ကား သမုဒ္ဒရာရေနှင့် အလားတူစွာ အလွန်များပြား၏။ အနည်းငယ်သော ထိုလောကီချမ်းသာသည်လည်း အထင်အမြင်အားဖြင့်သာ ဖြစ်၏။ အဟုတ်အမှန်ကား- သဘာဝအားဖြင့် အလုံးစုံကုန်သော ဘုံဘ၀သည်လည်း ဒုက္ခဆင်းရဲသည်သာ အမှန်ဖြစ်၏။ "
(ဂါထာ - ၅၂)

" သတိချပ်ရန်ကား.....
စည်းစိမ်ဥစ္စာတို့သည် ပုခတ်, မီး, လေ, လှိုင်းတို့၏ လှုပ်ရှားပုံနှင့် တူကြကုန်၏။
ဝိညာဉ်အသက်တို့သည်လည်း လွန်စွာတုန်လှုပ်၍ မြန်စွာချုပ်သော လျှပ်စီးရောင်နှင့် တူကုန်၏။
ခန္ဓာကိုယ်သည် မျက်လှည့်, တံလျှပ်, ရေ၌ထွန်းလင်းသော လ၀န်းနှင့် တူကုန်၏။
ထို့ကြောင့် အဘယ်သို့သောသူသည် ၀ိညာဉ်အသက်၌လည်းကောင်း၊ စည်းစိမ်ဥစ္စာ၌လည်းကောင်း တပ်မက်စွဲလမ်းခြင်းကို ပြုလုပ်နိုင်ပါအံ့နည်း။"
(ဂါထာ - ၄၃)

"ဘ၀သုံးပါးတို့၌ တိုသော အသက်ရှိသော (ဆုတ်ကပ်၌ဖြစ်သော) သတ္တ၀ါ၏သေခြင်းသည် ရလွယ်၏။ ရှည်သော အသက်ရှိသော (တက်ကပ်၌ဖြစ်သော) သတ္တ၀ါ၏လည်း များပြားသော အိုမင်းခြင်းသည် လည်းကောင်း၊ ဆွေမျိုးဥစ္စာ စသည်တို့၏ ပျက်စီးရခြင်းသည်လည်းကောင်း ရလွယ်၏။ ဤသို့ ဘုံဘ၀တို့၌ အသက် တို,ရှည် နှစ်ပါးသော အခြင်းအရာတို့ဖြင့်လည်း ဆင်းရဲသည်သာလျင် ရလွယ်၏။ သင် သူတော်ကောင်းတို့သည် ဆင်းရဲကို ဖျက်ဆီးခြင်းငှါ တရားကို ကောင်းစွာ ကျင့်ကြံကြကုန်လော့။" 
(ဂါထာ- ၅၀)

"သူမိုက်သည် ရေပွက်တည်းဟူသောခွက်ဖြင့်
တံလျှပ်တည်းဟူသောရေကို လည်ပင်းသို့ကျအောင် စင်စစ်သောက်သုံးသကဲ့သို့
ထို့အတူသာလျင် သူမိုက်သည် အနှစ်သာရကင်းသော ငှက်ပျောတုံးနှင့်တူသော အတ္တမဟုတ်သော ဤခန္ဓာကိုယ်ကို အမှန်စင်စစ် မောဟတရားကြောင့် ကိုယ်အတ္တဟူ၍ ပြောဆိုရာ၏။" (ဂါထာ - ၅၈)



မူရင်း “တေလကဋာဟဂါထာ ဘာသာနိဿယ”- စာအုပ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment