Sunday 11 December 2011

သခင်မကြီး ဒေါ်သိန်းတင်၏ သမိုင်းမှတ်တမ်း (အပိုင်း-၃)

“ ထုံးရာဇ၀င်တွေ ဆုံးစရာ မမြင်အောင် များလှသော်လည်း မတတ်သာ ရပ်ခါ နားတော့မကွယ့်” ဆိုသည့်အတိုင်း ဤသို့ဖော်ပြခဲ့ပြီး ၁၆-၁၇-နှစ်သမီးအရွယ်မှစ၍ ဗုဒ္ဓဘာသာအမျိုးသမီးအဖွဲ့၊ ၀ံသာနုအမျိုးသမီးအဖွဲ့၊ သစ္စာဝါဒီအမျိုးသမီးအဖွဲ့သူ (၅၀၀) ကျော်တွင် အမျိုးသမီးအတွင်းရေးမှုးအဖြစ် တာဝန်ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားဖြင့် “ သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်လျက် ကျွန်အဖြစ်မှ မြန်မာပြည်လွတ်လပ်ရေးရရှိရန် လုပ်ကိုင်ဆောင်ရွက်ရင်း နိုင်ငံရေးလုပ်သက် ၂၇-၂၈-နှစ်တွင် မျော်မှန်းချက်အတိုင်း လွတ်လပ်ရေးကြီးရခဲ့သည်။


လွတ်လပ်ရေးရပြီးသည့်အခါ သခင်မ ဒေါ်သိန်းတင်မှာ သမီးနှင့်သား ခင်ပွန်းများပါ ဆုံးပါးပျက်စီးလျက် သတိစွက်သံဝေဂဖက်ကာ အသက်(၄၂)နှစ်လောက်မှ စ၍ အတ္တမာန စွယ်မြမြကို ပယ်ချစွန့်ခွါကာ ရတနာသုံးရပ် သာသနာဘက်သို့ မျက်နှာမူဦးတည်လာခဲ့သည်။
ဝိသုဒ္ဓါရုံဗာရာဏသီတိုက်တာကြီးကို စွမ်းစွမ်းတမံ ဇွဲသန်သန်ဖြင့် ပရိယတ္တိသာသနာအတွက် နေ့စဉ်မပျက် လှူဒါန်းပေးကမ်း စွန့်ကြဲလျက် အခြားတစ်ဖက်တွင်လည်း “ရုပ်နာမ်ဓမ္မ၊ အနတ္တ၊ ဘာတစ်ခုမျှ၊ စိုးမရ။ ချမ်းသာသုခ၊ နုမြူမျှ၊ သုံးဘုံဘ၀၊ ရှာမရ။ မြင်မြင်သမျှ သင်္ခါရ၊ စိတ်တူနှလုံးသွင်း” ဟူသော တရားဘာဝနာကို လက်ကိုင်ပြုယင်း -အောင်ခြင်း ဓမ္မစကြာအဖွဲ့-ကြီးကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဤကဲ့သို့ သာသနာအတွက် အထူးပြုစု လုပ်ကျွေးနေစဉ်--


၁၃၂---ခုနှစ်၊ တော်လှန်ရေးအစိုးရခေတ်တွင်- ၀ဏ္ဏကျော်ထင် ဒေါ်သိန်းတင်-ဟူသော ရွှေတံဆိပ်ဘွဲ့နှင့်စလွယ်ကိုလည်းကောင်း၊ ၁၃၂၆-ခုနှစ်၊ နယုန်လ(၁၉၆၄-ခု၊ ဧပြီလ (၂၈)မှ မေလအထိ (ရ)ရက်ကြာ ချောက်မြို့တွင် ကျင်းပသော “အလုပ်သမားနေ့ အရေးတော်ပုံသမိုင်းဝင်နေ့”၌ ဂုဏ်ပြုဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး သခင်+သခင်မ(၁၁၂)ဦးတွင် တစ်ဦးလျင် ရရှိသောဆု(၅၀၀)ကျပ်ကိုလည်းကောင်း လက်ခံရယူခဲ့သည်။


၁၃----ခုနှစ်တွင် ပြည်မြို့၊ အမှတ်(-----)နယ်မြေ၊ ပြည်သူလွှတ်တော်အမတ်အဖြစ် အရွေးခံကာ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရက” နိုင်ငံ့ဂုဏ်ရည် ဒုတိယဆင့်” ဘွဲ့နှင့်ချီးမြင့်ငွေကျပ်(၁၅၀၀၀)ကို ၁၃၄---ခုနှစ်၊ ----ရက်(၁၉၈၀-ခုနှစ်၊ ဇွန်လ ၁၆-ရက်)တွင် ပြည်မြို့နယ် ပြည်သူ့ကောင်စီရုံးခန်းမ၌ နိုင်ငံတော်အစိုးရကိုယ်စား ပြည်မြို့နယ်၊ ပြည်သူ့ကောင်စီဥက္ကဌ -ဦးဘလှက သခင်မကြီး-န၀င်း ဒေါ်သိန်းတင်အားပေးအပ်သည်။


သို့သော် သခင်မကြီး ဒေါ်သိန်းတင်သည်-
(၁) ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းပေါ်တွင် တည်ဆောက်ဆဲ မဟာဝိဇယစေတီတော်မြတ်ကြီးအတွက် ယင်း (၁၅၀၀၀)ကျပ်လုံးကို သခင်မကြီး ဒေါ်သိန်းတင်ကိုယ်စား လှူပေးပါ၇န် ပြည်မြို့နယ်၊ ပြည်သူ့ကောင်စီဥက္ကဌ-ဦးဘလှလက်သို့ ၄င်းအခန်းအနားမှာပင် ပြည်လည်ပေးအပ်ခဲ့ပါသည်။
(၂) လစဉ်ရဆုငွေ ၃၀၀-ကျပ်တွင် ၁၅၀-ကျပ်ကို ရွှေတောင်မြို့နေ ရှေးသခင်မကြီး ဒေါ်ခင်ခင်သို့လည်းကောင်း၊ ကျန် ၁၅၀-ကျပ်ကို ပြည်မြို့၊ ရွာဘဲနယ်မြေ၊ စံနန်းဦးလမ်း၊ ရှေးသခင်မကြီး ဒေါ်စောရင်သို့လည်းကောင်း မြို့နယ် ပြည်သူ့ကောင်စီရုံးခန်းမ၌ပင် လွှဲပြောင်းပေးအပ်ခဲ့သည်။


ဘ၀တစ်သက်လုံး၊ မြန်မာ့ဆံထုံး၊ ဖွဲ့ထုံးထိပ်ပေါ်တင်။ ။
ယခုမျက်မှောက်ခေတ် မြန်မာတစ်ပြည်လုံး မိန်းမသားများတွင် သခင်မကြီး ဒေါ်သိန်းတင်သည် မြန်မာ့ဆံထုံးကို ထိပ်ပေါ်ထုံးကာဖြင့် ဆင်ယင်မှုတစ်သက်လုံးပြုသွားသည်မှာ ထူးခြားနေသော ၀ိသေသမြင်ကွင်းတစ်ရပ်ဟု သတိမူ စဉ်းစားမိသူတိုင်း သိမြင်နိုင်ပေလိမ့်မည်။


ဝိသာခါပမာ၊ ဒုတိယာ၊ မည်ရဒါယိကာ။ ။
သခင်မ ၀ိ-ဗာ တိုက်အမကြီး ဒေါ်သိန်းတင်ကား ရာဇ- လောက- ဓမ္မ - သုံးဝသောအကြောင်း တော်သည့်နေရာတွင် မော်ကွန်းတင်လောက်သည့်အပြင် ရတနာသုံးရပ် ဆည်းကပ်သည့်နေရာ၌ တစ်သိန်းမှာ တစ်ယောက် ဆိုရလောက်အောင် ရှားပါးလှပေလိမ့်မည်။ သာသနာပြုရာမှာလည်း စိတ်ပါလက်ပါစွာဖြင့် ဆွမ်းကိုယ်တိုင်ချက်ပြီး နံနက်ဆွမ်း၊ နေ့ဆွမ်း၊ ညနေအဖျော်ယမကာတို့အတွက် ရံခါ တစ်နေ့ (၃)ခါ လာရုံမျှမက ပစ္စည်းလေးဝ လိုသမျှကို ဖြည့်စွက်လျက် - သမဏာနဉ္စ ဒဿန မင်္ဂလာ- ကို ဖြည့်ဆည်းခဲ့သည်။ အလှူရေစက် လက်နှင့်မကွာ နွေ၊ မိုး၊ ဆောင်း ရာသီတွေ ဘယ်လိုပြောင်းပြောင်း ကောင်းမှုမှန်သမျှ မြဲစွာကျင့်သုံးရင်း သာသနာတော်၏ ဒုတိယ၀ိသာခါအဖြစ် ခံယူလျက်ရှိစဉ်------


၁၃၄၅-ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၆) ရက်လောက်မှ စတင်၍ ယခင်ကစွဲကပ်ဖူး၍ ကုသပျောက်ကင်းနေသော ရင်ကြပ်ပန်းနာ၊ နှလုံးရောဂါသည် ပြည်လည်ပေါ်လာသဖြင့် မြို့နယ်ဆရာဝန်ကြီးများနှင့် အိမ်တွင်ကုသနေရင်း အစားအစာဖြတ်လာလေတော့သည်။


သံဃာငါးပါး၊ ပရိတ်များ၊ ကြွသွားရွတ်ရာ၊ ငါးရက်ကြာ။ ။
ထိုအချိန်က ကျေးဇူးရှင်ဗာရာဏသီဆရာတော်ဘုရားကြီးသည် ရန်ကုန်မြို့၊ ကမ္ဘာအေး၊ ဇမ္ဗူဒီပကျောင်းဆောင်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယဥက္ကဌ)တာဝန်ဖြင့် သံဃာ့ရေးရာကိစ္စများ ဆောင်ရွက်နေစဉ်ဖြစ်သည်။ ပြည်၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်ရှိ တိုက်အုပ်၊ တိုက်ကြပ်၊ ဥပတိုက်ကြပ်၊ စာချ၊ ဆွမ်းဘုန်းကြီး (၅)ပါး ပင့်ပြီး တန်ဆောင်မုန်းလဆုတ် (၁၃-၁၄-၁၅)ရက်များနှင့် နတ်တော်လဆန်း(၁-၂)ရက်အထိ (၅)ရက်တိုင် ညနေတိုင်း ပရိတ်တရားနာကြား ဓမ္မသ၀နကုသိုလ်မင်္ဂလာ ပွါးများခဲ့သည်။


ဆေးရုံပေါ်မှာ၊ ရောက်သောခါ၊ တွေ့ရာခြေနေများ။ ။
သခင်မကြီးဒေါ်သိန်းတင်အား အိမ်၌ ပါရဂူသမားတော်ကြီးများဖြင့် အစွမ်းကုန်ကုသပါသော်လည်း ရောဂါသည် တဖြည်းဖြည်းတိုးလာသဖြင့် ဆရာဝန်များ၏ ညွန်ကြားစီစဉ်ပေးချက်အရ နတ်တော်လဆန်း(၇)ရက်နေ့၌ ပြည်ဆေးရုံသစ်ကြီးသို့ တင်ပို့ကုသကြသည်။ သို့သော် တစ်ပတ်လောက်ကြာသောအခါ သက်သာခွင့်မရဖြစ်နေပြန်သဖြင့် ၄င်းနတ်တော်လဆန်း(၁၃)ရက် နံနက်တွင် တောင်ကြီးမြို့-ဆရာခွေး၊ မြင်းခြံမြို့-ဒေါ်ဒေါ်သိန်းတို့က ကားနှင့်သယ်ယူကာ ရန်ကုန်၊ ဆေးရုံကြီး၊ နှလုံးရောဂါ အထူးကုခန်းသို့ ပို့၍ ကုသကြသည်။ သို့သော် ရောဂါသည် တိုးလိုက်လျော့လိုက် ဖြစ်နေသည်။


(မှတ်ချက်။ ။ ထိုစဉ်က ၀ိ-ဗာတိုက်အမကြီးအား ပြည်ဆေးရုံသို့ တင်ပို့ကုသနေရကြောင်းကြားသိသဖြင့် ရန်ကုန်၊ ကမ္ဘာအေး၊ ဇမ္ဗူဒီပမှ ကျေးဇူးရှင် ဗာရာဏသီမဟာထေရ်သည်လည်း ပြည်သို့ ခေတ္တပြည်ကြွလာသည်။ တိုက်အမကြီးကို ရန်ကုန်ဆေးရုံသို့ ပို့သောနေ့မှာပင် ဗာရာဏသီမဟာထေရ်က ရထားဖြင့် ရန်ကုန်သို့ ကြွလိုက်ဖို့ရာဖြစ်သည်။ သို့သော်လည်း ဆရာတော်ဘုရားကြီး၏တူတော် ကိုကျော်ဝင်းက အတန်တန်ပင့်ကာ ၄င်းပိုင်ကားဖြင့် အောင်လံမြို့၊ ဇာတိဇိန့်ရွာသို့ ပင့်ဆောင်သွားသဖြင့် နတ်တော်လဆန်း(၁၃)ရက် ညဥ့်တွင် ဇိန့်ရွာ၌ ကျိန်းစက်၍ (၁၄)ရက်နေ့မှ ပြန်ကြွလာခဲ့သည်။ ပြည် ၀ိ-ဗာသို့ ပြန်ရောက်၍ နောက်တစ်နေ့(၁၅)ရက် (နတ်တော်လပြည့် )နံနက်တွင် အမြန်ရထားဖြင့် ရန်ကုန်သို့ကြွခဲ့သည်။ ဘူတာကြီးမှ ဆင်းသက်၍ ဆေးရုံကြီးသို့ ချက်ချင်းကြွကာ တိုက်အမကြီး၏ကျန်းမာရေးအခြေအနေကို ကြည့်ရှု့ရာ အောင်ဆီဂျင်ဖြင့် အသက်ရှု၍ ဂလူးကိုးစ် ပုလင်းကြီးဖြင့် ဆေးသွင်းထားလေသည်။ ပရိတ်တရားရွတ်ဖတ်ချီးမြင့်၍ သီတင်းသုံးရာ ကမ္ဘာအေး၊ ဇမ္ဗူဒီပကျောင်းဆောင်သို့ ကြွခဲ့လေသည်။)


ကိုးကားချက်။ ။ ပြည်မြို့၊ ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်၊ ရွှေရတုမဂ္ဂဇင်းစာအုပ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment