ဆရာတော်လောင်းလျာအား မြင်းခြံမြို့အရှေ့ဘက်(၆)မိုင်အကွာတွင်ရှိသော ဗလုံရွာကြီးတွင် (၁၂၄၀) ပြည့်နှစ်၊ တပေါင်းလဆန်း(၁၁) ရက်နေ့တွင် ခမည်းတော်ဦးရွှေဇင်၊ မယ်တော်ဒေါ်ရွှေမှဲ့မှ ဖွားမြင်ပါသည်။  ဆရာတော်(၁၀) နှစ်သားအရွယ်တွင် ဥပဇ္ဖျယ်ဆရာတော် ဆရာမှာ ဦးရီးတော်မြင်းခြံဗလုံဆရာတော် ဥူးမဇ္ဖူဖြစ်၍ ခင်မကန်တိုက်အုပ်ဆရာတော် ဦးလက္ခာထံ၌ စာပေပညာ သင်ကြားခဲ့သည်။ ရဟန်းပြုပြီးသော် ရေစကြိုဆရာတော် ဦးဂန္ဒသာရထံမှလည်းကောင်း၊ ပခုက္ကူမဟာဝိသုကာရာမတိုက် နှင့် မန္တလေးမဟာဝိသုဒ္မါရုံ ဒီပဲယင်းဆရာတော်ထံမှ လည်းကောင်း သင်ကြားပြန်သည်။ (၃) ၀ါအရတွင် မဟာဝိသုတာရာမ တိုက်တွင် စာချဆရာတော်အဖြစ်ခန့်အပ်ခြင်းခံရသည်။ စကုမြို့သက်တော်ရှည်တိုက်ဆရာတော် ရှင်ပဏ္ဍ၀ ထံတွင်သက္ကဋစာပေကို ဆက်လက်ဆည်းပူးသည်။


မန္တလေးမြို့ခင်မကန်တိုက်၊ ရွှေရေးဆောင်တိုက်များတွင် သီတင်းသုံးနေစဉ် ပရိရတ္တိသာသနာ့ ဟိတ စာမေးပွဲကို ဖြေဆိုအောင်မြင်လေသည်။ ဆရာတော်သည် မဟာဝိသုဒ္ဒါရုံ ဆရာတော်ကြီး ထံတွင် ပရိရတ္တိကို ဆက်လက်ဆည်းပူး၍ သကျသီဟ ဓမ္မာစရိယစာချတန်း ကို အောင်မြင်လေသည်။ အိန္ဒိယပြည် ဗာရာဏသီသို့ ကြွရောက်၍လည်း သက္ကဋဘာသာကို ဆည်းပူးလေ့လာတော်မူသည်။

မဟာဝိသုဒ္ဒါရုံတိုက် သုဝဏ္ဍ၀တီအုတ်ကျောင်းကို အလှုခံတော်မူသည်။ (၁၂၉၁) ခုနှစ်တွင် အဘယာရာမကျောင်းတိုက်ကြီးကို  အပ်နှင်းခြင်းခံတော်မူရသည်။ (၁၂၉၄) တွင် ရွှေကျင်ဂိုဏ်း သာသနာပိုင်ဥက္ကဌ မဟာနာယက အဂ္ဂသေနာပတိ အဖြစ်ဖြင့်တင်မြှောက်ခြင်းခံရသည်။ (၁၂၉၆) ခုနှစ်တွင် အဘယာရာမဆရာတော်အား အင်္ဂလိပ်အစိုးရက “ အဂ္ဂမဟာပဏ္ဍိတ ” ဘွဲ့တံဆိပ်တော်မြတ် ဆက်ကပ်လှုဒါန်းခဲ့ပါသည်။     

(၁၃၀၂) ခုနှစ်တွင် မော်လမြိုင်မြို့အဘယာရာမတိုက်တွင် သီတင်းသုံးတော်မူပါသည်။ နိကာယ်(၅) ရပ်ပါ အဋ္ဌကထာဋီကာများနှင့်သက္ကဋဘာသာများ တစ်ဖက်ကမ်းခေတ်လေ့လာ သင်ယူဆည်းပူးခဲ့ပြီး သီဟိုဋ္ဌ်ကျွန်းသို့သွားရောက်၍  သီဟိုဋ္ဌ် သာသနာအား ၀ိလုံဂါမသိမ် သမုတ်ပုံအရေးနှင့် သန့်စင်တောက်ပြောင်စေခဲ့ပါသည်။ မြန်မာပြည် သာသနာတော် သာမက အိန္ဒိယ နှင့် သီဟိုဠ်ကျွန်းအထိပါ ထင်ရှား၍ အလေးထားရသော မထေရ်ကြီးတစ်ပါးဖြစ်ပေတော့ သည်။

  အိနြေ္ဒကြီး၍ စကားနည်းသော်လည်း ပညာအားဖြင့်ပြည့်ဝလွန်းတော်မူရကား မဟာ အောင်မြေဘုံစံ အုတ်ကျောင်းဆရာတော် ဦးဗုဓ်နှင့် နှိုင်းယှဉ်ပြောဆိုလေ့ရှိကြပေသည်။ အဘိဓါန် နိကာယ်သစ်မှအစပြု၍ နိဿယကျမ်းပေါင်းများစွာအပါအ၀င်  ကျမ်းပေါင်း(၁၃) ကျမ်းကိုပြုစုခဲ့ပြီး ပရိရတ္တိသာသနာတော်ကြီးအကျိုးကို များစွာသယ်ပိုးခဲ့သော သူမတူအောင်ထူး ချွန်ခဲ့သည့် ရွှေကျင်ဆရာတော်ကြီးသည် စစ်ကိုင်းတောင်ရိုး ဥမင်ကိုးဆယ်ချောင်၌ (၁၃၀၅) ခု၊  ပြာသိုလဆန်း (၉) ရက်နေ့၌ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။