Saturday 17 December 2011

ပြည်မြို့ ၊ န၀င်းရပ်၊ ၀ိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၊ သာသနာ့မော်ကွန်း


ဇေယျတု။ ။ သာသနာတော်နှစ်(၁၀၁)ခုနှစ်၊ တန်ခူးလဆန်း (၁)ရက်၊ တနင်္ဂနွေနေ့၊ ဘီစီ (၄၄၃) ခုနှစ်တွင် မဟာသမ္ဘ၀၊ စူဠသမ္ဘ၀နှင့် ဗေဒါရီတို့မှ မွေးဖွါးသော-ဒွတ္တပေါင်မင်းသည် သရေခေတ္တရာပြည်ကြီးကို တည်ထောင်တော်မူခဲ့သည်။ အိမ်နိမ့် (၃၅)နှစ်၊ နန်းစည်းစိမ် (၇၀)နှစ် စံစားခဲ့သည်။ ထို့နောက် မင်းကြီး၏ အနွယ်တော်အဆက်ဆက်မှ နန်းစိုးစံခဲ့ရာ သီရိရာဇ်မင်း (သာသနာတော်နှစ်-၄၂၄-၄၃၃) သည် နောက်ဆုံး အနွယ်တော် ဆက် ဖြစ်သည်။ ထိုသီရိရာဇ်မင်း နတ်ရွာစံပြီးနောက် သမက်တော်ဖြစ်သော ငတပါးမင်း( သာသနာတော်နှစ်-၄၃၃-၄၈၄)သည် နန်းတက်သည်။ (တစ်ပါးသောအမျိုးသားက မင်းဖြစ်သောကြောင့် -ငတပါးမင်း-ဟု အမည်တွင်သည်။)



သာသနာတော်နှစ်(၄၄၈)ခုနှစ်တွင် ဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူမည့် ဘုရားရှင်ငါးဆူကို ရည်မှန်း၍ မုခ်ငါးမုခ် ပါဝင်သော ညဏ်တော်အမြင့်(၇၃)တောင်ရှိ-ငါးမျက်နှာစေတီတော်ကို တည်ထား ကိုးကွယ်သည်။

ပြည်ဘုရင်-မျက်နှာရှည်မင်း (သက္ကရာဇ်-၇၄၇-၇၅၀)သည် စေတီတော်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံခဲ့ သည်။ ဒုတိယကမ္ဘာစစ်အတွင်း သက္ကရာဇ် (၁၃၀၆)ခုနှစ်၊ ၀ါခေါင်လဆန်း(၁၃)ရက်၊အင်္ဂါနေ့၊ ခရစ်နှစ် (၁၉၄၄)ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့တွင် ငါးမျက်နှာစေတီ၏ ရာဟုဒေါင့်အား ဗုံဒဏ်ခံရသဖြင့် ပျက်စီးခဲ့ သည်။ ဒုတိယကမ္ဘာစစ်ပြီးသည့် နောက် ပျက်စီးနေသော ငါးမျက်နှာစေတီတော်ကြီးအား ငါးမျက်နှာကျောင်း တိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥက္ကံသကို အမှုးထား၍ သခင်မကြီးဒေါ်သိန်းတင်နှင့် စောင်း-ဦးမောင် ကလေး အမှုးရှိသော န၀င်းရပ်ကွက်သူရပ်ကွက်သားနှင့် အများ ပြည်သူများ က ရှေးမူမပျက် ပြန်လည်ပြုပြင် မွမ်းမံခဲ့သည်။ ထိုငါးမျက်နှာစေတီတော်မြတ်ကြီးအနီးတွင် တည်ရှိသော ၀ိသုဒ္ဓါ ရုံဗာရာဏသီကျောင်းတိုက် ၏ သာသနာ့မော်ကွန်းကို အောက်ပါအတိုင်း သိအပ်၏။

မော်ကွန်းဝင်(ပထမဆင့်)၊ ၀ဏ္ဏကျော်ထင်ဘွဲ့၊ နိုင်ငံဂုဏ်ရည်(ဒုတိယဆင့်)ဘွဲ့ ၊ ပြည်သူ့လွှတ်တော်အမတ် (န၀င်းနယ်မြေ) ၊ န၀င်း-ကျီး ငှက်ဆေးလိပ်ခုံ ပိုင်ရှင် ၊ ၀ိသုဒ္ဓါရုံ ဗာရာဏသီကျောင်းတိုက်အမကြီး အဖြစ် ပြည်သူလူထုနှင့် ရဟန်းသံဃာများ ကြားတွင် ထင်ရှားကျော်ကြားသော သမိုင်းဝင်သခင်မ ကြီး ဒေါ်သိန်းတင်ကို သီရိခေတ္တရာ-သရေခေတ္တရာ-ပြည်မြို့၊ န၀င်းရပ်၊ အဖ- ဦးဖိုးဆိတ်၊ အမိ - ဒေါ်ရွှေထယ်တို့မှ ၁၂၆၇-ခုနှစ်၊ ကဆုန်လဆုတ် ၂-ရက်၊ သောကြာနေ့၊ နံနက် ၅-နာရီတွင် မွေး ဖွါးခဲ့သည်။ သားသမီးရှစ်ယောက်တို့တွင် အငယ်ဆုံးသမီး ဖြစ်ပြီး ပြည်မြို့၊ ပန်းဘဲတန်းရပ်၊ အစိုးရမူလတန်းကျောင်း မှ လေးတန်းအောင်မြင်ခဲ့သည်။

၁၂၈၄-ခုနှစ်(၁၆-နှစ်သမီးအရွယ်)တွင် နိုင်ငံရေးလောကသို့ စတင်၍ ခြေချခဲ့သည်။ န၀င်းနယ်လုံး ဆိုင်ရာ ဗုဒ္ဓဘာသာအမျိုးသမီးအဖွဲ့၊ ၀ံသာနု အမျိုးသမီးအဖွဲ့၊ သစ္စ၀ါဒီအမျိုးသမီးအဖွဲ့ အသင်းသူ (၅၀၀)ကျော်တွင် အတွင်း ရေးမှုးအဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၂ ၉၀-ခုနှစ်တွင် ဒို့ဗမာအစည်းအရုံး စတင်ဖွဲ့စည်းလျင်ဖွဲ့ စည်းချင်း သခင်မအမည်ခံ ၍ နိုင်ငံရေးလုပ်ကိုင်ခဲ့သည်။ ရေနံမြေသပိတ်ကြီးတွင် တပ်ဦးမှဦးဆောင်ဦး ရွက်ပြုလျက် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ၏ပထမ ဆုံးသော အမျိုးသမီး ထောင်ချခံရသူသုံးဦးတွင် တစ်ဦးအပါ အ၀င်အဖြစ် မှတ်တမ်းတင်ခံရပြီး ထောင်သုံးထောင်သို့ ပြောင်း ရွှေခံခဲ့ရသည်။

အိန္ဒိယနိုင်ငံ၏နိုင်ငံရေးခေါင်းဆောင်များဖြစ်သော မဟတ္တမဂန္ဓီ၊ ဂျဝါဟလာနေရူးနှင့်သမီးဖြစ်သူ အင်ဒီယာ ဂန္ဓီတို့က မြန်မာ နိုင်ငံရေးလောက၏အမျိုးသမီးနိုင်ငံရေးသူရဲကောင်းအဖြစ် ပန်းကုံးစွပ်၍ ဂုဏ်ပြုအသိ အမှတ်ပြုခဲ့သည်။ နိုင်ငံရေးလက်တွဲဖော် သခင်သင်နှင့်လက်ထပ်ပြီး သားသမီးနှစ်ဦးမွေးဖွားခဲ့သည်။ သမီးကြီး ဂျမ်းကလေးသည် ၁၃၁၀-ခုနှစ်၊ သခင်သင်သည် ၁၃၁၁-ခုနှစ်၊ သားငယ်-ဖိုးထောင်ေ ခ်ါမောင်အောင်သိန်းဌေးသည် ၁၃၁၁-ခုနှစ်တို့၌ အသီးသီး ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ သည်။

တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သော မုဆိုးမဖြစ်သူ သခင်မ-မသိန်းတင်သည် ဗန်းရွက်သည်ဆေးလိပ်ရောင်းအ ဆင့်မှ ဆေးလိပ်လုပ်သား (၅၀၀)ကျော်အုပ်ချုပ်ရသော န၀င်းကျီးငှက်ဆေးလိပ်ရုံ-ပိုင်ရှင်ဖြစ်သည့် တိုင်အောင် ကြိုးစား အောင်မြင်ခဲ့သည်။ နိုင်ငံရေးလုပ်သက် ၂၈-နှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီး ၄၂-နှစ် အရွယ်မှ စတင်ကာ သာသနာဘက်သို့ ဦးတည်လာခဲ့သည်။ ထိုအချိန်တွင် ပြည်မြို့၊ န၀င်းရပ်၊ ငါးမျက်နှာဘုရားကြီးအနီး ငါးမျက်နှာကျောင်းတွင် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥက္ကံသသည် အနီးနေ ဦးပဉ္ဇင်းကြီးတစ်ပါးနှင့် သီးတင်းသုံးနေထိုင်တော်မူခဲ့သည်။ ဆရာတော်ဘုရား ကြီးသည် ပျံလွန်တော်မူခါနီး အချိန်တွင် ကျောင်းဒါယိကာမလည်းဖြစ်၍ ပြည်မြို့ရှိ မြို့မိမြို့ဖများ၏ လေးစားယုံကြည်မှုကို လည်း ခံယူရ ရှိသော သခင်မကြီး ဒေါ်သိန်းတင်အား စာချုပ်စာတမ်းများနှင့်တကွ ငါးမျက်နှာကျောင်းတိုက်အား လွဲအပ် တော်မူထားခဲ့သည်။

သခင်မမသိန်းတင်သည် ကိုယ်တိုင် ဦးဆောင်လျှက် ဆေးရိုးကုန်သည်၊ ဆေးရွက်ကုန်သည်နှင့်ဆေးလိပ် သမား ကာယည ဏလုပ်သားများ၏ စုပေါင်းအားဖြင့် ငါးမျက်နှာကျောင်းကို တဖြည်းဖြည်း ပြုပြင်ခဲ့ရာ (၁၃၁၉)ခုနှစ်တွင် ထိုခေတ်ကျပ်ငွေ တစ်သိန်းကျော်တန် တိုက်ကြီးကို ကျောင်း၏အလယ် ဗဟိုတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ထို့ နောက် ယခင်နိုင်ငံရေးလုပ်ခဲ့ စဉ် ပြင်ဦးလွင် မြို့ (မေမြို့ ) ၌ ခေတ္တရှောင်တိမ်းခဲ့ရသည့်အခိုက် ဆည်းကပ်ကိုးကွယ်ခဲ့ရသော ပြင်ဦးလွင်မြို့(မေမြို့)၊ ၀ိသုဒ္ဒ္ဓါရုံရွှေကျင် တိုက်၊ ပဓာနနာယက၊ ဗာရာဏသီဆရာတော် ဦးအာနန္ဒပဏ္ဍိတာဘိဝံသ အား နိုင်ငံရေးလက်တွဲဖော် စစ်ကိုင်းတိုင်း၊ စစ်ကိုင်း တောင်၊ ကျစွာချောင်၊ ၀ံသာနုရက္ခိတ ကျစွာ ဆရာတော်ဘုရားကြီး (ရွှေမျက်မှန် ဆရာတော်)ဦးဝိဇယ (၁၂၅၀-၁၃ ၂၉) မှတဆင့် ပင့်ဆောင်စေခဲ့သည်။ 
ယင်းအချိန်တွင် ဗာရာဏသီဆရာတော်သည် မန္တလေးမြို့၊ အနောက်ပြင်၊ မဟာဝိသု ဒ္ဓါရုံရွှေကျင်တိုက်သစ်၊ စည်ရှင်-ဒေါင်းရိုးအုဌ်ကျောင်းတွင် စည်ရှင်-နာယက ဆရာတော် လေးပါးတွင် တစ်ပါးအပါအ၀င်အ ဖြစ် အုပ်ချုပ်လျက်ရှိပြီး ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်နာယက(မူလပထမ-ပဓာနအကျိုးတော်ဆောင်) အဖြစ်လည်း ကောင်း၊ ရွှေကျင်နိကာယဗဟိုဌာန ပါဠိတက္ကသိုလ်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ဆဋ္ဌသင်္ဂါယနာပွဲတွင် ပါဠိပတိဝိ သောဓကအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်နေချိန်လည်း ဖြစ်သည်။

ဗာရာဏသီဆရာတော်သည် စံကင်းဆရာတော် ဘုရားကြီး(န၀မ-ရွှေကျင်သာသနာပိုင်)နှင့်မြောင်းမြ ဆရာတော်ဘုရားကြီး (ဒသမ-ရွှေကျင်သာသနာပိုင်)တို့၏ ခွင့်ပြုချက် ဖြင့် ငါးမျက်နှာကျောင်းတိုက်ကို လက်ခံခဲ့သည်။ ဤ၌ ဗာရာဏသီဆရာတော်၏ အတ္ထုပ္ပတ္တိအကျဉ်းချုပ်ကို အောက်ပါအ တိုင်း သိအပ်၏။

ဆရာတော်လောင်းလျာကို မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ဇိန့်ကျေးရွာ၌ ခမည်တော် ဥုးစံထူး၊ မယ်တော် ဒေါ်ဒေါ်ဆေးတို့ မှ ၁၂၆၄-ခု၊ ၀ါဆိုလပြည့်၊ တနင်္ဂနွေနေ့၊ နံနက်-၃-နာရီအချိန်တွင် မွေးဖွါးခဲ့သည်။ သားသမီးဆယ်ဦးတို့တွင် တတိယ မြောက် သားရတနာဖြစ်ပြီး ငယ်နာမည် မောင်ကျော်ရုံဖြစ်သည်။ ၁၂၇၄- ခုနှစ် (၁၀- နှစ်)တွင် ဇိန့်ရွှာ-ရွာဦးကျောင်းဆရာ တော် ဘဒ္ဒန္တသုန္ဒရထံ၌ အခြေခံစာပေများကို သင်ကြား ခဲ့သည်။ ၁၂၇၇-ခုနှစ်(၁၃-နှစ်)တွင် ဥုးကြီးတော် ဘဒ္ဒန္တကုဏ္ဍလာ ဘိဝံသ (ပဓာနနာယက၊ ၀ိသုဒ္ဓါရုံ သိမ်ဥုးပရိယတ္တိစာသင်တိုက်၊ တောင်ငူမြို့)သည် ကျောင်းသားသူငယ် မောင်ကျော်ရုံကို မန္တလေးမြို့၊ အနောက်ပြင်၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ္တကောသလ္လာဘိဝံသ (တွဲ ဘက်-ရွှေကျင်သာသနာပိုင်) ထံသို ပညာသင်ကြားရန် အပ်နှံပို့ဆောင်ခဲ့သည်။

၁၂၈၀-ခုနှစ်တွင် ရှင်သာမဏေဘောင်သို့ ရောက်ရှိပြီးနောက် ၁၂၈၄-ခုနှစ်၊ ၀ါဆိုလဆန်း (၁၁)ရက်နေ့တွင် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ ခဏ္ဍသိမ်တော်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီပဲယင်း ဆရာတော်ဘုရားကြီး (တတိယ-ရွှေကျင်သာသနာပိုင်)ကို ဥပဇ္ဈာယ်ပြု၍ ရှင်အဖြစ်၊ ရဟန်းအဖြစ်သို့ လည်းကောင်း၊ နမ္မတူမြို့၊ ဘာမာမိုင်း-ကန်ထရိုက်တာ ဥုးအကောင်းရှုတ်၊ ဒေါ်ဒေါ် သွယ်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်အဖြစ်၊ရဟန်းအဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့သည်။ ကျောင်းသားဘ၀မှစ၍ အနီးကပ် စောင့်ရှောက် ခဲ့သော စည်ရှင်ဆရာတော်ဘုရားကြီးမှ ရှင်အာနန္ဒပဏ္ဍိတ-ဟု ဘွဲ့မည်ပေး တော်မူသည်။

မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ဆရာတော်၊ စံကင်းဆရာတော်၊ အဘယာရာမ ဆရာတော်၊ ဇီးပင်ဆရာတော် စသည့်ဆရာတော်တို့နှင့် ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက်၊ ဘဒ္ဒန္တသုန္ဒရ၊ ဘဒ္ဒန္တနန္ဒ၀ံသ၊ ဘဒ္ဒန္တကောဏ္ဍည စသည့် ဆ ရာတော်တို့ထံတွင် ပိဋကတ်စာပေများကို သင်ကြားခဲ့သည်။ 
၁၂၈၀-ခုနှစ်-ပထမငယ်(ကျောင်းသားဘ၀ဖြင့်အောင်)၊ ၁၂၈၁ -ခုနှစ်- ပထမလတ်၊ ၁၂၈၅-ခုနှစ်-၀ိသုဒ္ဓါရုံဝံသာလင်္ကာရ သဒ္ဓမ္မပါလ ပဏ္ဍိတဓဇ ပထမကျော်၊ ၁၂၈၇-ခုနှစ်- သာဝတ္ထိမြို့၊ ပု ည၀--ဍနအသင်း ပထမကျော်၊ ၁၂၈၇-ခုနှစ်-မေမြို့၊ ၀ိနယပထမကျော်၊ ၁၂၉၅-ခုနှစ်-အစိုးရပထမပြန်ပထမကျော်နှင့် ၁၂၉၅ -ခုနှစ်-သကျသီဟပရိယတ္တိ သာသနဟိတဓမ္မာစရိယဘွဲ့ (ဒုတိယအမှတ်အများဆုံး)တို့ကို အောင်မြင်ခဲ့သည်။ 
၁၂၉၃-ခုနှစ် တွင် ပြင်ဦးလွင်မြို့၊ ၀ိသုဒ္ဓါရုံရွှေကျင်ကျောင်းတိုက်၌ ပဓာနနာယက ဆရာတော်အဖြစ် အုပ်ချုပ်တော်မူခဲ့သည်။ (ယင်း ကျောင်းတိုက်အား ညီတော်အရင်းဖြစ်သူ ဘဒ္ဒန္တ မဟောသဓပဏ္ဍိတာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ)အား လွှဲအပ်တော်မူခဲ့ သည်။)။

၁၃၀၂-ခုနှစ်၊ သက်တော် (၃၈)နှစ်အရွယ်တွင် ရန်ကုန်မြို့၊ အရိယဓမ္မပညာတော်သင်အဖွဲ့၏ စေလွှတ်ချက်ဖြင့် အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့၊ ဟိန္ဒူတက္ကသိုလ်-Banaras Hindu University (BHU)သို့ တက်ရောက်ပညာ သင်ကြားခဲ့ပြီး ယင်းတက္ကသိုလ် မှ အာကျာရယခေါ် -မဟာဝိဇ္ဖာဘွဲ့-ကို ရရှိခဲ့သည်။ ဒုတိယကမ္ဘာ စစ်ကြီးဖြစ်လာသောကြောင့် ဆက်လက်၍ ပညာသင်ကြား ရာ အိန္ဒိယ၌ ၆-နှစ်မျှ ကြာမြင့်ခဲ့သည်။ ၁၃၀၄-ခုနှစ် တွင် အ၀ကျွန်း (ယခု ဘင်္ဂလားဒေရှ်နိုင်ငံ)၊ သိမ်တောင်ရွာ၌ သိမ်သ မုတ်တော်မူခဲ့သည်။

၁၃၀၈-ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာပြည်သို့ ပြန်လည်ကြွရောက်လာသောအခါ ငယ်ဆ ရာရင်းဖြစ်သော စည်ရှင်ဆရာတော်ဘုရားကြီးမှ -ဗာရာဏသီဆရာတော်-ဟု သမုတ်တော်မူသည်မှ အစပြု၍ -ဗာရာဏသီ ဆရာတော်-ဟု မည်တွင်တော်မူသည်။ ၁၃၁၁-ခုနှစ်တွင် စံကင်းဆရာတော်ဘုရားကြီး ၏အမိန့်တော်ဖြင့် မန္တလေးမြို့၊ မိ ခင် မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ စည်ရှင်ကျောင်း ‘‘ဒေါင်းရိုးအုဋ္ဌ်ကျောင်း’’ တွင် ပြန်လည်သီးတင်းသုံးတော်မူခဲ့သည်။ ၁၃၁၂- ရွှေ ကျင်နိကာယ ဂိုဏ်းလုံးဝန်ဆောင်နာယက (မူလပထမ-ပဓာနအကျိုးတော်ဆောင်)အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၃၃၇-ခုနှစ်တွင် အနားယူတော်မူသည်။

၁၃၁၅-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလ်လံဘိုလ် မြို့၊ မဟာဝိသုဒ္ဓါရာမယကျောင်းတိုက်၌ ရွှေကျင် ဂိုဏ်းကြီး၏ကိုယ်စား ‘‘သီရိလင်္ကာရွှေကျင်နိကာယ မဟာနာယက’’ ရွှေကျင်သာသနာပိုင်ခန့်အပ်လွှာကို ခန့်အပ်ခဲ့သည်။

ဤသို့ဖြင့် ဗာရာဏသီ ဆရာတော်သည် ငါးမျက်နှာကျောင်းတိုက်ကို လက်ခံခဲ့ပြီးနောက် နောက်ပါ စာချဘုန်းကြီး ၂-ပါး၊ စာ သင်သား ၂၄-ပါး၊ ကျောင်းသား ၅-ယောက်ဖြင့် ၁၃၂၁-ခုနှစ်၊ ၀ါဆိုလဆန်း ၁၃-ရက်မှ စတင်၍ ဌာနီ-ဗာရာဏသီ မဟာ ထေရ်၏ဂုဏ၀ိသေသအမည်ကို ဌာန-ကျောင်းတိုက်၌တင်စား၍ ဥပစာနည်းအားဖြင့် ယခင် ငါးမျက်နှာကျောင်း အမည် ဟောင်းမှ ”၀ိသုဒ္ဓါရုံဗာရာဏသီတိုက်’’ အမည်ဖြင့် ပရိယတ္တိစာသင်တိုက်တစ်ခု တည်ရှိလာခဲ့သည်။ ၁၃၂၁-ခု၊နတ်တော်လ ဆန်း (၁၄)ရက်၊ တနင်္ဂနွေနေ့ တွင် ကျောင်းလွှတ်ပူဇော်ပွဲ (ကျောင်းရေစက်ချပွဲ)ကို ကျင်းပခဲ့သည်။

ထိုအချိန်မှစတင်ကာ-မူလ
(၁) အလယ်သိမ်တိုက်ကြီး (၂)ထပ်ကျောင်းဆောင်အပါအ၀င်၊
(၂)လျောင်းတော်မူဘုရား သီ တင်းသုံးရာဂန္ဓကုဋီကျောင်းဆောင်၊
(၃)သီရိထေရဗိမာန ၃-ထပ်ကျောင်းဆောင်၊
(၄)မနောရဉ္ဇိတ ဓမ္မသာလာဓမ္မာရုံကြီး ၃-ထပ်ကျောင်းဆောင်၊
(၅)ဓမ္မာစရိယ ၂-ထပ်ကျောင်းဆောင်၊
(၆)မဟာဘောဇနသာလာ ၂-ထပ်ဆွမ်းစား ကျောင်းဆောင်၊
(၇)မဟာဗကုလ ၂-ထပ်ကျောင်းဆောင်၊
(၈)လူနေ ၂-ထပ် ဇရပ်ဆောင်
(၉)ရေချိုးအုဌ်ကန်၊
(၁၀) ၆-လုံးတွဲသံဃာ့ကုဋီ၊
(၁၁)၄-လုံးတွဲလူအများသုံးကုဋီ၊
(၁၂)ကျောင်းဝိုင်းအတွင် အုဌ်လမ်းများ၊
(၁၃)အုဌ် တံတိုင်းများကို တည်ဆောက်လှုဒါန်းခဲ့ သည်။
နေ့စဉ် ဆွမ်း-ဆွမ်းဟင်းများကို တစ်ဦးတည်းပင်မအလှုရှင်အဖြစ်လည်းကောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်း+ ကထိန် သင်္ကန်းများ၊ လောကုတ္တရာပညာသင်ကျောင်းသားများအား အ၀တ်ပုဆိုးများ၊ ဆေးဝါးဓာတ်စာ များနှင့် ကျောင်းတိုက်ရှိ လိုအပ်ရာ သံဃာတော်အသုံးအဆောင်မှန်သမျှကို တစ်ဦးတည်း ပင်မ အလှုရှင်အဖြစ် လှုဒါန်းခဲ့လေသည်။
ကျောင်းဆောင်ကြီးများ တည်ဆောက်ကိုးကွယ်နေစဥူ်မှာပင် တော်လှန်ရေးအစိုးရလက်ထပ်တွင် ၀ဏ္ဏကျော် ထင် ဘွဲ့(မော်ကွန်းဝင်-ပထမဆင့်)၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထပ် တွင် နိုင်ငံဂုဏ်ရည် -ဒု တိယဆင့်ဘွဲ့တို့ကို ဂုဏ်ပြုခံရ ပြီးနောက်၊ ပြည်သူလွတ်တော်အမတ် (ပြည်မြို့) အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၃၄၅-ခု နတ် တော်လဆုတ် ၅-ရက်၊ စနေနေ့ည ၆-နာရီ ၂၀-မိနစ် အသက် (၇၉) နှစ်တွင် ရန်ကုန်မြို့၊ ပြည်သူဆေးရုံ-နှလုံးရောဂါအထူး ကုဌာနတွင် အနိစ္စရောက်သည်။ နတ်တော်လဆုတ် ၉-ရက်နေ့တွင် ပြည်မြို့၊ ကန်သာဦးသုသာန်တွင် ဂူသွင်းသဂြိုလ်ခြင်း ဖြင့် တစ်ဘ၀ခန္ဓာ ရုပ်သိမ်းသည်။

သခင်မကြီး-ဒေါ်သိန်းတင်ကွယ်လွန်ပြီးနောက် တူမဖြစ်သူ ဒေါ်အမာက ဆက်လက်တာဝန်ယူလာခဲ့ရာ (၁)ကောမာရဗြဟ္မစာရီနီ ဒေါ်အမာတိုက် ၂-ထပ်ကျောင်းဆောင်၊ (၂)မဟာထေရဗိမာနတိုက် ၂-ထပ်ကျောင်းဆောင်တို့ကို ဆက်လက် တည် ဆောက်ခဲ့ပြီး ဆွမ်းကွမ်းဝေယျာဝစ္စ တို့ကိုလည်း ဒေါ်သိန်းတင် နည်းတူ တာဝန်ယူလှုဒါန်းခဲ့သည်။ ၁၃၅၄-ခုနှစ်၊ နတ္တော်လဆန်း (၆)-ရက်၊ တနင်္လာနေ့၊ နေ့လည် ၂-နာရီတိတိအချိန် အသက်(၇၈) တွင် အနိစ္စရောက်သည်။

ဗာရာဏသီဆရာတော်ဘုရားကြီးသည် ၀ိသုဒ္ဓါရုံဗာရာဏသီတိုက်ကို တည်ထောင်ပြီးနောက်ပိုင်း 
၁၃၃၂-ခုနှစ်မှစတင်၍ ပြည်-သရက်-သာယာဝတီ-သုံးခရိုင် ၀ိနည်းစာတော်ပြန်ပွဲကြီးကို ဦးဆောင်ကျင်း ပခဲ့သည်။ ၁၃၃၇-ခုနှစ်တွင် ရွှေကျင်နိ ကာယ စာပေထိန်းသိမ်းရေးအဖွဲ့ဝင်၊ ၁၃၄၂-ခုနှစ်၊ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး(၆၆)ပါး၌ ရွှေကျင်ဂိုဏ်းမှ ကိုယ် စားလှယ်(၅)ပါးတွင် တစ်ပါးအပါအ၀င်၊ ဆဋ္ဌသင်္ဂါယနာတွင် ပါဠိပဋိဝိသောဓက၊ ပထမအကြိမ်- နိုင်ငံတော် သံဃမဟာနာ ယက(ဒုတိယ ဥက္ကဋ္ဌ)၊ နိုင်ငံတော်သြ၀ါဒစရိယ၊ ပြည်မြို့၊ ရွှေဆံတော်ဘုရားကြီး သြ၀ါဒစရိယ-စသည်ဖြစ် သာသနာရေးဆိုင် ရာများကို ဆောင်ရွက်ခဲ့သည်။ ၁၃၄၃-ခု နှစ်တွင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ နီပေါ၊ သီရိလင်္ကာ၊ အိန္ဒိယ-၆-နိုင်ငံသို့ (၉၃) ရက်ကြာ သာသနာပြုခရီး ကြွရောက်ခဲ့သည်။

၁၃၄၂-ခုနှစ်တွင် တောင်ငူမြို့၊ ၀ိသုဒ္ဓါရုံမြို့ထောင့်ကျောင်းတိုက်၊ ရွှေကျင်နိကာ ယ ဂိုဏ်းလုံးကျွတ်အစည်း အဝေးကြီး၌ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ(တွဲဘက်ရွှေကျင်သာသနာပိုင်)အဖြစ် တင်မြှောက်တော် မူခဲ့သည်။ ၁၃၄၁-ခုနှစ်- နယုန်လဆုတ် (၁၀)ရက်၊ အင်္ဂါနေ့တွင် ရန်ကုန်မြို့၊ ရှစ်မိုင်-မစိုးရိမ်ရွှေကျင်တိုက်သစ် ပဓာနနာယက ဆရာတော် ဘုရားကြီး ဘဒ္ဒန္တဇေ ယျသေနမှ ရှစ်မိုင်-မစိုးရိမ်ကျောင်းတိုက်အား လွှဲအပ်တော်မူသော ဆရာတော်(၄) ပါးတွင် တစ်ပါးအပါအ၀င်အဖြစ် အုပ်ချုပ် တော်မူခဲ့သည်။ ၁၃၄၂-ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့၊ ၁၃၅၂-ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု-ဘွဲ့တို့ကို နိုင်ငံတော် အစိုး ရမှ ဆက်ကပ်ခဲ့သည်။

ပါဠိရ၀ဒပ္ပဏကျမ်း၊ တေလကဋာဟနိဿယကျမ်း၊ ရွှေကျင်နိကာယမှတ်တမ်း(ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ၊ စတုတ္ထ တွဲ)၊ ၀ိသုဒ္ဓါရုံ-ပိဋကအဘိဓာန်ကျမ်းကြီး၏ ၀ိညာပနနိဒါန်း(ပါဠိဘာသာ) နှင့် ပိဋက-ပါဠိ မြန် မာအဘိဓာန်ကျမ်းကြီး၏ ဆိဒ္ဒ-သဒ္ဒါ စပ်ဆက်သော သက္ကတအဖွင့်ဆိုင်ရာများ စသည် တို့ကို ရေးသားပြုစုခဲ့သည်။
၁၃၅၅-ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃)ရက် (၁၀-၃-၉၄)ကြာသပတေးနေ့၊ နေ့မွန်း လွဲ (၂-၅၀) နာရီတွင် ရန်ကုန်မြို့၊ မင်္ဂ လာဒုံ တပ်မတော်စစ်ဆေးရုံကြီး၌ ဘ၀နတ်ထံ ပျံလွန်တော်မူသည်။ ၁၃၅၅-ခုနှစ်၊ တပေါင်းလဆန်း (၅)ရက်(၁၆-၃-၁၉၉၄) ဗုဒ္ဓဟူးနေ့၊ မွန်းလွှဲ (၁)နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ရှစ်မိုင်-မစိုးရိမ်ရွှေကျင်တိုက်သစ်၌ သာဓုကီဠနဈာပနသဘင် ကျင်းပ၍ ရန်ကုန်မြို့၊ ကြံတောသုဿန်တွင် အန္တိမအဂ္ဃိဈာပနသဘင် ကျင်းပတော်မူသည်။ ၁၃၅၅-ခုနှစ်၊ တပေါင်းလဆန်း (၆)ရက်၊(၁၇-၃-၁၉၉၄) ကြာသပတေးနေ့၊ နံ နက် (၉)နာရီတွင် ရန်ကုန်မြစ်အတွင်း ဥဒကဈာပန အရိုးပြာများကို မျောခြင်း ဖြင့် တစ်ဘ၀ဇာတ်ခန္ဓာ ရုပ်သိမ်းတော်မူသည်။

ဆရာတော်ဘုရားကြီးသည် ရွှေကျင်သာသနာပိုင်အဆက်ဆက်၏ တပည့်ဖြစ်ခြင်း၊ မိမိကိုယ်တိုင် လည်း ရွှေကျင်သာသနာ အတွက် တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ခြင်း ၊ မြတ်ဗုဒ္ဓ၏ ၀ိနည်းတော်ကို လေးစားမြတ်နိုးစွာ ကျင့်သုံးတော်မူသော ဆရာတော်အဖြစ် ထင်ရှားတော်မူ သည်နှင့်အမျှ မိမိ၏ကျောင်းတိုက်ကြီးအားလည်း ဘုရားရှင်၏၀ိနည်းဥပဒေ၊ ရွှေကျင် ဂိုဏ်းကြီး၏ စည်မျဉ်း ဥပဒေတို့နှင့် အညီ တသဝေမတိမ်းဘဲ ကျင့်သုံးစေခဲ့သည်။ သို့ဖြစ်၍ နံနက်-ည ဘုရားဝတ်တက် မှန် မှန်ဝတ်တက်ကြ ရခြင်း၊ နံနက်တိုင်း နိသဇ္ဇိဓုတင် ဆောက်တည်ကြရခြင်း၊ နှစ်စဉ်- ၀ါတွင်းကာလ ဥပုသ်နေ့တိုင်း ဧကသ နိက်ဓုတင် ဆောက်တည်ကြရခြင်း၊ ရဟန်းဖြစ်ပြီးစ၌ တိစိဝရိတ်ဓု တင် ဆောက်တည်ကြ ရခြင်း၊ ရွှေကျင်နိကာယ ၀ိနည်းစာ တော်ပြန်ပွဲကို နှစ်စဉ်ကျင်းပခြင်း စသော ကျောင်းတိုက်စည်းမျဉ်းများက သက်သေခံနေပေသည်။

မူလတိုက်တည်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူပြီး နောက် ဘဒ္ဒ န္တ၀ိစိတ္တစာရ(အဂ္ဂမဟာပဏ္ဍိတ) သည် ၀ိသုဒ္ဓါရုံဗာရာ ဏသီတိုက်၏ ပဓာနနာယကဆရာတော်အဖြစ် ဆက်လက်အုပ်ချုပ်ခဲ့သည်။ ဆရာတော်သည် တိုက်အုပ်ဆရာတော်အဖြစ် ၁၃၂၆-ခုနှစ်မှ လက်တွဲလာခဲ့ရာ -၂၉-နှစ်တိုင်တိုင် ဖြစ်သည်။ ဆရာတော်သည် မူလတိုက်တည်ဆရာတော်ဘုရားကြီး ချ မှတ်ထားတော်မူသော စည်းမျဉ်းမူများအတိုင်း ကျင့်သုံးတော်မူခဲ့ပါ သည်။ ဆရာတော်သည် ၁၃၆၁-ခုနှစ်တွင် ပျံလွန်တော်မူ ပါသည်။

ဒုတိယမြောက် ပဓာန နာယကဆရာတော် ပျံလွန်တော်မူပြီးနောက် ဆရာတော်ဘုရားကြီးလက်ထက်တွင် တိုက်ကြပ်ဆ ရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တ နာဂ၀ံသ(အဂ္ဂမဟာပဏ္ဍိတ)သည် တတိယမြောက် ပဓာနနာယကဆရာတော်အဖြစ် လည်းကောင်း၊ ဥပ-တိုက်ကြပ်ဆရာတော်ဖြစ်တော်မူသော ဘဒ္ဒန္တနန္ဒော ဘာသာဘိဝံသ(သကျသီဟ၊ စေတီယင်္ဂဏ၊အစိုးရ ဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ) သည် တိုက်အုပ် ဆရာတော်အဖြစ်လည်းကောင်း ၁၃၆၁-ခုနှစ်မှ စတင်၍ ကျောင်းတိုက်ကြီး အား ရှေးဆရာတော်များ၏ မူအတိုင်း ဆက်လက်အုပ်ချုပ်ခဲ့သည်။

သို့ဖြစ်၍ ၁၃၂၁-ခုနှစ်၊ ၀ါဆိုလဆန်း ၁၃-ရက်၊ သောကြာနေ့မှ စတင် တည်ထောင်ခဲ့သော ၀ိသုဒ္ဓါရုံဗာရာဏသီ ကျောင်းတိုက်သည် ဤမော်ကွန်းထိုးကျောက်စာစိုက်ထူချိန် ၁၃၇၁-ခုနှစ်၊ ၀ါဆိုလဆန်း ၁၃-ရက်၊ စနေနေ့တွင် ရွှေရတု နှစ်ငါးဆယ် (၅၀) သို့တိုင် တည်ရှိလာခဲ့ပြီး ဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

No comments:

Post a Comment